နေ့တိုင်းစားနေတဲ့ အစားအစာတွေက ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ
နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေက ဆီးလမ်းကြောင်းအပေါ်မှာ သက်ရောက်နေတဲ့ အကြောင်းလေး ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။
နေ့စဉ် စားသုံးမှုက ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို မပြောခင် ဆီးလမ်းကြောင်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ။ ဆီးလမ်းကြောင်း မှာ ဘာတွေပါလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ဆီးလမ်းကြောင်း ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ?
လူတစ်ယောက် ကျန်းမာဖို့အတွက် ဆီးလမ်းကြောင်း ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ ဆီးလမ်းကြောင်းက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးစွန့်ထုတ်မှုကနေတဆင့် ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။
ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။
ဆီးလမ်းကြောင်း စနစ်မှာ ဘာတွေပါဝင်သလဲ?
အမျိုးသားရော အမျိုးသမီးတွေမှာပါရှိတဲ့ ဆီးလမ်းကြောင်း စနစ်မှာ
- ကျောက်ကပ်၊
- ဆီးပို့ပြွန်
- ဆီးစွန့်ပြွန်နဲ့
- ဆီးအိမ်
- ဆီးကျိတ်
- အမျိုးသား မျိုးပွား အင်္ဂါ
- ကပ်ပယ်အိတ်
- ဝှေးစေ့တို့ ပါဝင်ပါတယ်။ သူတို့လေးတွေ ဟန်ချက်ညီညီ လုပ်ဆောင်မှ ကိုယ်တွင်းက အညစ်အကြေးတွေကို ဆီးအနေနဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်နိုင်မှာပါ။
နေ့စဉ် စားသုံးမှုက ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ
နေ့စဉ် စားသုံးမှုက ဆီးလမ်းကြောင်းအပေါ် အခုလို သက်ရောက်နေပါတယ်။
- ဆိုဒီယမ် များရင်
နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ်လို့ ခေါ်တဲ့ ဆားတွေ အများအပြား စားသုံးတာက ကျောက်ကပ်ရဲ့ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ဆား အစားများတာက သွေးတိုးစေပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ ဒီလိုကနေ ကျောက်ကပ် ကျောက်တည်တာဖြစ်စေနိုင်ပါတယ်။
ကယ်လ်ဆီယမ် အ လွန်အကျွံ စားသုံးတာကလည်း ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ စားသုံးတာကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
- ကဖင်း များရင်
ကဖင်း အလွန်အကျွံ စားသုံးတာက ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ဒီလို ရေဓာတ်ခမ်းခြောက်တာက ကျောက်ကပ် ကျောက်တည်တာ၊ ဆီးအိမ် ပိုးဝင်တာလိုမျိး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးထဲ အက်ဆစ်ဓာတ်များတာကို လည်း ဖြစ်စေနိုင်ပါတယ်။
- ပရိုတင်း များရင်
ပရိုတင်းက တစ်ရှူး အသစ်တွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် ပရိုတင်းတွေကို အလွန်အကျွံ စားသုံးတာက ကျောက်ကပ်ကို ဝန်ပိစေပြီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။
- ရေသောက်နည်းရင်
ရေသောက်နည်းတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
နေ့စဉ် စားသောက်မှုတွေက ဆီးလမ်းကြောင်း အပေါ်မှာ အခုလို သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။
မွန်မွန်